ကျား၊မ ရေးရာ တန်းတူညီမျှရေးကွန်ရက် (GEN) မှ စီမံကိန်းဒေသများဖြစ်သည့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများအတွက် တတိယအကြိမ်မြောက် မူဝါဒဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ (Policy Dialogue Workshop) အား ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်ပြီးစီးခဲ့ပါသည်။

ဂျဲန်ဒါရေးရာ မူဝါဒများနှင့် သက်ဆိုင်ရာနယ်မြေများရှိ အခက်အခဲများကို ဖြေရှင်းနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲအား လက်ရှိ ကိုဗစ်-၁၉ဖြစ်ပွားမှု အခြေအနေကြောင့် Zoom မှတဆင့် သက်ဆိုင်ရာဒေသအလိုက် ဆွေးနွေးပို့ချခဲ့ပါသည်။ ဆွေးနွေးပွဲအစီအစဉ်အရ ကျား၊မ ရေးရာ တန်းတူညီမျှရေးကွန်ရက် (GEN) ၏ စီမံကိန်းမန်နေဂျာ ဒေါ်လဲ့လဲ့မင်းမှ ကွန်ရက်နှင့် စီမံကိန်းအကြောင်းအရာကို အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မူဝါဒရေးရာညှိနှိုင်းရေးမှူး ဒေါ်မိုင်သီတာအေးကျော်မှ ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ စီမံကိန်းဒေသများဖြစ်သည့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် ဂျဲန်ဒါဆိုင်ရာမူဝါဒများ ပေါ်ပေါက်လာစေရန် အဓိကရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ ဒေသတွင်းလိုအပ်ချက်များအပြင် ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်သင့်သည်တို့ကို တစ်ရက်တာ ဆွေးနွေးပို့ချခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာလအတွင်း ကျင်းပပြီးစီးခဲ့သည့် မူဝါဒဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲများတွင် သက်ဆိုင်ရာဒေသခံ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ အမျိုးသမီး (၆၆) ဦး၊အမျိုးသား (၂၇) ဦး နှင့် စုစုပေါင်း (၉၃) ဦးမှ အသီးသီး ပါဝင်တက်ရောက်ခဲ့ကြပါသည်။ စကားဝိုင်းဆွေးနွေးပွဲအား ဖြစ်မြောက်အောင် ကူညီထောက်ပံ့ပေးခဲ့သည့် ဥရောပသမဂ္ဂ (EU) နှင့် ပါဝင်တက်ရောက်ခဲ့ကြသူ အယောက်စီတိုင်းအား ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက် (GEN) မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။



back